Laryngitis (အသံအိုးရောင်ရမ်းခြင်း)
21-Nov-2016
အသံအိုးကိုအလွန်အကျွံ အသုံးပြုခြင်း (ဥပမာ - အော်ဟစ်၍ စကားပြောရခြင်း)၊ လည်ချောင်းယားယံခြင်း၊ ပိုးဝင်ခြင်းတို့ကြောင့် အသံအိုးရောင်ရမ်းနိုင်သည်။ အသံအိုးရှိအသံကြိုးများရောင်ရမ်းခြင်းကြောင့် အသံဝင်ခြင်း၊ အသံသြခြင်းတို့ကို ဖြစ်စေသည်။အများစုမှာ ဗိုင်းရပ်စ်ပိုးဝင်ခြင်းနှင့် အသံကြိုးတင်းခြင်းတို့ကြောင့် ဖြစ်ရသည်။
လက္ခဏာများ
အသံအိုးရောင်ရမ်းပါကတစ်ပတ်အတွင်းတွင် ပြန်လည်သက်သာနိုင်သည်။ ရောဂါလက္ခဏာများအနေဖြင့်
• အသံသြခြင်း
• အသံဝင်ခြင်း
• လည်ချောင်းယားခြင်း၊ နာခြင်း
• လည်ချောင်းခြောက်ခြင်း
• ချောင်းခြောက်ဆိုးခြင်း
ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များ
• လည်ချောင်းရောင်ရမ်းသည့် လက္ခဏာများ နှစ်ပတ်နှင့်အထက်ကြာသည်အထိရှိနေခြင်း
• အသက်ရှူရခက်ခြင်း
• ချောင်းဆိုးသွေးပါခြင်း
• အဖျားမကျခြင်း
• လည်ချောင်းပိုမိုနာကျင်လာခြင်း
• အစာမျိုရခက်ခြင်းတို့ ဖြစ်ပေါ်ပါက နီးစပ်ရာဆရာဝန်ထံ သွားရောက်ကာ အမြန်ဆုံးဆေးကုသမှု ခံယူသင့်သည်။
ကလေးများတွင်
• အသက်ရှူသံ ပြင်းလာခြင်း
• သွားရည်ကျခြင်း
• အစာမျိုချရခက်ခြင်း
• အသက်ရှူရခက်ခြင်း
• အဖျား ၁၀၃ ဒီဂရီဖာရင်ဟိုက်ထက်ကျော်အောင် ဖျားခြင်းတို့ဖြစ်ပေါ်ပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက် ပြသသင့်သည်။
ဖြစ်ပွားရသောအကြောင်းရင်းများ
ခေတ္တ အသံအိုးရောင်ရမ်းခြင်း( Acute Laryngitis ) သည်
• အအေးမိခြင်း၊ ဗိုင်းရပ်စ်ပိုးဝင်ခြင်း
• အသံအိုးကိုအလွန်အကျွံ အသုံးပြုရခြင်း၊ အော်ဟစ်ခြင်း
• ဆုံံဆို့ရောဂါကဲ့သို့သော ဘက်တီးရီးယားပိုးများဝင်ခြင်းကြောင့် ဖြစ်ရသည်။
နာတာရှည် အသံအိုးရောင်ရမ်းခြင်း (Chronic Laryngitis)
သုံးပတ်ထက်ကျော်၍ အသံအိုးရောင်ရမ်းခြင်းကိုနာတာရှည် အသံအိုးရောင်ရမ်းခြင်းဟုခေါ်သည်။
• ဓာတုဓာတ်ငွေ့များ၊ မတည့်သောအမှုန်များ၊ မီးခိုးများရှူမိခြင်း
• အစာအိမ်အတွင်းမှ အက်ဆစ်များအထက်သို့ ပြန်တက်ခြင်း
• ထိပ်ကပ်နာရှိခြင်း
• အရက်အလွန်အကျွံသောက်ခြင်း
• အသံကျယ်လောင်စွာပြောတတ်သောအလေ့ရှိခြင်း
• ဆေးလိပ်သောက်ခြင်း
• ဘက်တီးရီးယား၊ မှိုနှင့် ကပ်ပါးကောင်တို့ကြောင့် ဖြစ်ရသည််။
- လည်ပင်းပိုင်းတွင် ကင်ဆာဖြစ်နေသူများ
- ထိခိုက်မိခြင်း၊ လေဖြတ်ခြင်း၊ အဆုတ်အတွင်းအကျိတ်တည်ခြင်းတို့ကြောင့် အသံကြိုးမလှုပ်ရှားနိုင်ခြင်း
- အသက်အရွယ်အိုမင်းခြင်းတို့ကြောင့်လဲအသံသြနိုင်ပြီးအသံအိုးရောင်ရမ်းခြင်းနှင့် မှားယွင်းနိုင်သည်။
ဖြစ်နိုင်ချေများသူများ
• အအေးမိခြင်း၊ လေပြွန်ရောင်ခြင်း၊ ထိပ်ကပ်နာစသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများရှိသူများ
• ဆေးလိပ်၊ အရက် အလွန်အကျွံ သောက်သုံးသူများ
• ဓာတုဓာတ်ငွေ့များ ရှူမိသူများ
• အသံကျယ်လောင်စွာ အသုံးပြုရသူများတွင် အဖြစ်များသည်။
နောက်ဆက်တွဲ ပြဿနာများ
အသံအိုးပိုးဝင်ရောင်ရမ်းခြင်းကိုအချိန်မီမကုသပါကပိုးများအသက်ရှူလမ်းကြောင်းသို့ ပျံ့နှံ့သွားနိုင်ပါသည်။
စစ်ဆေးမှုများ
• အသံအိုးရောင်ရမ်းခြင်း၏ အဓိကလက္ခဏာဖြစ်သောအသံသြခြင်း၊ အသံဝင်ခြင်းတို့ကိုစစ်ဆေးခြင်း
• အသံအိုးကို ပြွန်ထည့်၍ စစ်ဆေးခြင်း
• အသားစယူစစ်ဆေးခြင်းတို့်ကို ပြုလုပ်နိုင်ပါသည်။
ကုသခြင်း
ရေတိုအသံအိုးရောင်ရမ်းခြင်းမှာတစ်ပတ်အတွင်းတွင် သက်သာသွားတတ်သည်။
နာတာရှည် အသံအိုးရောင်ရမ်းနေပါက
• အကြောင်းရင်းများဖြစ်သည့် ဆေးလိပ်၊ အရက် အလွန်အကျွံသောက်ခြင်းကိုရပ်ခြင်း၊ အစာအိမ်တွင်း အက်ဆစ်များခြင်းကိုကုသခြင်း
• ပိုးသတ်ဆေးများသောက်ခြင်း
• စတီးရွိုက်များသောက်ခြင်းတို့ဖြင့် ကုသနိုင်ပါသည်။
အိမ်တွင်းကုထုံးများအဖြစ်
• ရေနွေးငွေ့ရှူခြင်း
• အသံအိုးကိုအသုံးပြုဘဲ အနားပေးခြင်း
• ရေများများသောက်ခြင်း
• ဆားရည်ဖြင့် ပလုပ်ကျင်းခြင်း
• တီးတိုးပြောခြင်းကို ရှောင်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ (လေသံဖြင့်သာ စကားပြောဆိုခြင်းက အသံကြိုးကို ပိုထိခိုက်စေနိုင်၍ဖြစ်သည်။)
ကာကွယ်ခြင်း
• ဆေးလိပ်သောက်ခြင်း၊ ဆေးလိပ်ငွေ့ရှူခြင်းတို့ကိုရှောင်ခြင်း
• အရက်၊ ကော်ဖီတို့ကိုအလွန်အကျွံ မသောက်ခြင်း
• ရေများများသောက်ခြင်း
• အစပ်များကိုရှောင်ခြင်း
• အသီးအရွက်၊ အသီးအနှံများ၊ ဆန်၊ ဂျုံ၊ ပြောင်းတို့ကိုများများစားခြင်း
• မကြာခဏ လည်ချောင်းရှင်းခြင်းကိုရှောင်ခြင်း
• အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများမဖြစ်အောင် ဂရုစိုက်ခြင်းတို့ဖြင့် ကာကွယ်နိုင်ပါသည်။
Ref: Mayo Clinic